မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Tuesday, March 30, 2010

စဉ်းစားပါရွှေမြန်မာများ

ထေရ၀ါဒနှင့် ဥုံသြောင်းဂါထာပြဿနာ
ထေရ၀ါဒဗုဒ္ဓသာသနာဝင်တွေကြားထဲမှာ ဂုဏ်တော်တွေကို ဥုံသြောင်းခံပြီး ရွတ်ဆိုနေကြတာကို မကြာမကြာ ကြားနေရပါတယ်။ ကိုယ့်သာသနာနှင့် သင့်လျော်ပါရဲ့လား၊ စဉ်းစားကြဖို့ လိုပါပြီ။ ဥုံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ဖြင့်ပေါ့။
ဥုံ သြောင်းတို့ရဲ့ လာရာကို စိစစ်ကြည့်လိုက်ရင် ဒီပြဿနာ ပြေလည်လောက်မယ်ထင် ပါတယ်။
ဥုံ တို့ သြောင်းတို့တွေဟာ ဟိန္ဒူဘာသာရဲ့ ဘုရားသုံးဆူကို ကိုယ်စားပြုတဲ့ စကားတွေပါ။ စာလုံးခွဲအနေနဲ့ (အ+ဥ+မ) = (အ + -ု + မ်) ပါပဲ။ (a + u + m) လို့ အက္ခရာလှယ်လိုက်ရင်တော့ ပိုရှင်းသွားပါလိမ့်မယ်။ a - ဆိုတာ ဗြဟ္မာကြီးကို ကိုယ်စားပြုတာပါ။ (Brahmana) လို့ စာလုံး ပေါင်းပါတယ်။ u - ဆိုတာ ဗိဿဏိုးကို ကိုယ်စားပြုပါတယ်။ စာလုံးပေါင်းကတော့ (Visnu)၊ m-ကတော့ သီဝကို ကိုယ်စားပြုပါတယ်။ (Sivam) လို့ စာလုံးပေါင်းပါတယ်။ ဒီဘုရားသုံးဆူမှာ ဗြဟ္မာကြီးက လောကို ဖန်ဆင်းတယ်။ ဗိဿဏိုးက လောကကို စောင့်ရှောက်တယ်၊ သီဝက လူတွေတရားပျက်လာရင် လောကကို ဖျက်ဆီးဖို့ တာဝန်ယူထားရတယ်။ သူတို့သုံးဦးလုံးဟာ ဟိန္ဒူဘာသာရဲ့ အထွတ်အထိပ်ပါပဲ။ ဒီသုံးပါးလုံးကို တစ်ပေါင်းတည်းရှိခိုးတဲ့အနေနဲ့ သုံးပါးလုံးရဲ့ နောက်ဆုံးစာလုံးတစ်လုံးစီကို ယူပြီး တစ်သံတည်း ရှိခိုးကြတာပါ။ aum= ဥုံ(သို့)သြောင်း လို့ အသံထွက်ပါတယ်။
ဒါကိုပဲ သိဒ္ဓိမြောက်တယ်ဆိုပြီး လောကီဆရာတွေက ဂါထာတွေရဲ့ ရှေ့မှာ ဥုံခံပြီး ရွတ်ကြ ပါတယ်။ လောကီဟာ ဘာသာရေးနဲ့ မဆိုင်လို့ မဝေဖန်လိုပေမယ့် ဂုဏ်တော်တွေရဲ့ ရှေ့မှာ ဥုံခံတာကိုတော့ မကျေနပ်နိုင်ပါဘူး။ ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာပါ၊ ဟိန္ဒူက ဟိန္ဒူပါပဲ။ မဆိုင် ပါဘူး။ သီးသီးသန့်သန့်သာ ဖြစ်သင့်ပါတယ်။
ဒါဆိုရင် မန္တာန်ဆိုတာရော ထေရ၀ါဒမှာ ရှိသလားလို့မေးရင် မရှိဘူးလို့ပဲ ဖြေရပါမယ်။ တင်စားတဲ့ ဥပမာအလင်္ကာအနေနဲ့တော့ သုံးပါတယ်။ ဘုရားက မန္တာန်ကို လက်မခံပါဘူး။ ဗုဒ္ဓဘာသာဆိုတာ ကံနှင့် ကံရဲ့အကျိုးကို လက်ခံတဲ့ဘာသာဖြစ်ပါတယ်။ ကောင်းတဲ့ကံကို လုပ်ရင် ကောင်းတဲ့အကျိုးကို ရမယ်။ မကောင်းတဲ့ကံကို လုပ်ရင် မကောင်းတဲ့အကျိုးကို ရမယ်။ ဒါပါပဲ။ အခြား သိဒ္ဓိရှင် တန်ခိုးရှင်ယုံကြည်မှု လုံးဝမရှိပါဘူး။ ဘုရားရှင်ကိုယ်တိုင်ကလည်း တန်ခိုးနဲ့ အစွမ်းပြတာမျိုးကို မလိုလားပါဘူး။ ဘုရားလက်ထက်က ဝေရဉ္ဇာပြည်မှာ အငတ်ဘေး ဆိုက်တော့ ဘုရားရှင်ကိုယ်တိုင်တောင် မြင်းကျွေးတဲ့အစားအစာတွေကို ဘုဉ်းပေးခဲ့တာပါ။ ရှင်မဟာမောဂ္ဂလာန်က အဲဒီပြဿနာကို တန်ခိုးနဲ့ ဖြေရှင်းဖို့ ခွင့်တောင်းပေမယ့် ခွင့်မပြုခဲ့ပါဘူး။ ပြီးတော့ အရှင်ပိဏ္ဍောလဟာ တိတ္ထိတွေကို အနိုင်ရဖို့ တိုင်ထိပ်က သပိတ်ကို တန်ခိုးနဲ့ ယူခဲ့တာကိုလည်း ရှုတ်ချတော်မူခဲ့ပါတယ်။ ဒါကြောင့် သိဒ္ဓိတို့ တန်ခိုးတို့ဟာ ဘုရားရှင် အားမပေးတဲ့ ပါဝါတွေပါ။
]မကောင်းမှုမှန်သမျှကို မလုပ်ခြင်း၊ ကောင်းမှုမှန်သမျှကိုသာ လုပ်ခြင်း၊ စိတ်ကို ဖြူစင်အောင် ထားခြင်းတို့ကိုသာ အကောင်းမွန်ဆုံးပါဝါအဖြစ် ဘုရားရှင်တိုင်းက လက်ခံသတ်မှတ်ပါတယ်။ အားလုံး အမြင်မှန်ရကြပါစေ။

0 comments:

Post a Comment