အကောင်းလွန်းကြီး မဟုတ်ပေမယ့် သေသေချာချာ ပြင်ဆင်ထားတဲ့ အိပ်ယာအထက်မှာ သူရယ်. သူ့သားလေးရယ်. သမီးလေးရယ်. ၊
လွန်ခဲ့တဲ့ တစ်ပတ်လောက်အထိ သူတို့အပြင် ကလေးတွေရဲ့ အမေလည်း အတူတူ ရှိနေခဲ့သေးသည်။ အခုတော့ …။
သူတို့နေတာက အဲယားကွန်း တစ်လုံးရဲ့ အထဲမှာ၊ အဲယားကွန်းဆိုသော်ငြား မသုံးတာ ကြာပြီဖြစ်တာကြောင့် သူတို့အတွက်တော့ အပူအပင်ကင်စွာ၊ ဆိတ်ငြိမ်အေးချမ်းစွာ နားခိုရာ နေရာလေးတစ်ခုပေါ့။ ဒီနေရာကို စတင်တွေ့ရှိစဉ်က ဒီနေရာလေးဟာ သူတို့အတွက် ခိုလှုံဖို့ အကောင်းဆုံးလို့ ထင်ခဲ့တဲ့ သူ့အတွေး၊ တကယ်လည်း မှန်ခဲ့သည်။ သို့ပေမယ့် သူ ဒီနေရာလေးကို လွယ်လွယ်နှင့် ပိုင်ဆိုင်ခွင့် ရခဲ့တာတော့ မဟုတ်ပါဘူး။
အဲ့ဒီတုန်းက စူးစမ်းတဲ့စိတ်နှင့် ပိုက်လိုင်းတစ်ခုပေါ်သို့ သူတက်ခဲ့သည်။ တစ်နေရာ အရောက်မှာတော့ ပိုက်လိုင်းအတိုင်း မှန်မှန်တက်ခဲ့သည့် သူ့အတွက် ရှေ့ တိုးစရာ နေရာမရှိလောက်အောင် အတားအဆီးတစ်ခုက ခြားနားထားသည်။ အထဲကိုသာ ၀င်ခွင့်ရမယ်ဆိုရင် ဒါဟာ အခွင့်အရေး ကောင်းတစ်ခုပဲလို့ တွေးမိတာကြောင့် အချိန်အတန်ကြာ ၀င်ခွင့်ရဖို့ စဉ်းစားချင့်ချိန်ခဲ့ရသည်။ နောက်ဆုံး သူတို့ရဲ့ အားကိုးရာ၊ အမြဲတမ်း အသုံးတည့်လေ့ ရှိသည့် သူ့ရဲ့ ထက်မြလွန်းလှသည့် သွားတွေနဲ့ ပိုက်ဘေးက ကပ်လျက်ရှိနေသော သစ်သားပြားကို ကိုက်ဖဲ့ဖို့ ဆုံးဖြတ်ချက် ချခဲ့သည်။ ဒီလိုနဲ့ သူ့ရဲ့ ဇွဲ၊ လုံ့လတွေကြောင့်သာ တစ်နေ့ အထဲကို သူ ၀င်ခွင့်ရခဲ့သည်။ ဒီလိုနဲ့ပဲ သူတို့ ယခု နေထိုင်ရာ သူတို့ရဲ့ အိမ်ကလေးကို တဖြေးဖြေးချင်း အလှဆင်ခဲ့ရာမှ အခုလို အခြေအနေကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။ အခုတော့လည်း သူရယ်၊ မွေးကင်းစ သူ့သားလေးရယ်၊ သမီးလေးရယ်သာ…၊ သူ့ရဲ့ ချစ်လှစွာသော ဇနီးသည်ကတော့…။
တစ်နေ့သောည အစာရှာထွက်ကြစဉ် သူရယ် သူ့မိန်းမရယ် နေရာခွဲပြီး ထွက်ခဲ့ကြသည်။ ထုံးစံအတိုင်းပါပဲ၊ ဒီလို ညဉ့်နက်ချိန်ဆို သူတို့ စတင်လှုပ်ရှား ရလေ့ရှိသည်။ အရွယ်မရောက်သေးသည့် သားနှင့် သမီးကတော့ သူတို့ရဲ့ အိမ်လေးမှာပဲ နေရစ်ခဲ့ရှာတာပေါ့။
သူတို့ရဲ့ အိမ်လေးက မထွက်ခွါခင်မှာပဲ သူတို့ဗိုက်တွေက တကျုပ်ကျုပ်မြည်အောင်ကိုပင် ဆာလောင်လို့ နေခဲ့သည်။ သူတို့တောင် ဒီလောက် ဆာနေမှာတော့ သူတို့ရဲ့ ကလေးတွေ ဘယ်လောက်တောင် ဆာနေရှာမလဲ၊ အခုတော့ အစာရှာထွက်ကြရပြီ။ ဒီအချိန်က လူတွေ အိပ်ချိန်ဆိုပေမယ့် သူတို့အတွက်ကတော့ ဒီအချိန်ကျမှသာ စတင်လှုပ်ရှားဖို့ အကောင်းဆုံး အချိန်ပေါ့၊ တစ်နည်းအားဖြင့် လူတွေ အိပ်မောကျချိန်မှာ သူတို့အတွက် အစာရှာလို့ အကောင်းဆုံး အချိန် အခိုက်အတန့်ပေါ့။
နေရာခွဲပြီး အစာရှာထွက်ခဲ့ကြပေမယ့် သူတို့ တစ်ဦးနဲ့ တစ်ဦး သိပ်ပြီး ဝေးကွာလှတာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ တစ်ဦးကို တစ်ဦး လှမ်းမြင်နေရသလို တစ်ဦးက ဘယ်ကို အစာရှာထွက်ပြီး ဘာကိုကြံနေသလဲ ဆိုတာ တစ်ဦးက သိနိုင်လောက်အောင်ပင် ကျဉ်းမြောင်းလှတဲ့ အိမ်တစ်အိမ်ထဲ အစာရှာထွက်ခဲ့ကြတာပါ။
ထမင်းစား စားပွဲပေါ်ကို ရောက်ရှိချိန်က စလို့ စားပွဲပေါ်က အုပ်စောင်းအောက်မှာ ရှိနေတဲ့ ဟင်းပန်းကန် တွေဆီက ရနံ့က သူအတွက် ပိုပြီး ဆာလောင်စေခဲ့ပါတယ်။ သို့ပေမယ့် အထဲကို မည်သို့ဝင်ရမလဲ ဆိုတာကတော့ သူ့ရဲ့ တစ်ခုတည်းသော အခက်အခဲပါပဲ။ တစ်ခါက သူ့အစ်ကို အုပ်စောင်းအောက်ကို ရောက်ပြီးကာမှ ပြန်ထွက်မရခဲ့လို့ ဒုက္ခရောက်ခဲ့ဖူးတာကို သူပြန်မြင်ယောင်ရင်း ထိုနေရာမှာပဲ ဆာဆာနဲ့ အချိန်ကုန်ခံနေလိုက်သည်။ သူ့မိန်းမကတော့ နောက်ဖေး မီးဖိုချောင်ထဲကို ၀င်သွားတာကို သူ တွေ့မြင်လိုက် ရသည်။ အဲ့ဒီအချိန်တုန်းက သူ့မိန်းမကို နောက်ဆုံး မြင်တွေ့ရခြင်း ဖြစ်တယ်ဆိုတာကိုတော့ သူကိုယ်တိုင်ပင် မသိခဲ့ပေ။
အုပ်စောင်းထဲ ၀င်ဖို့ ကြံရာမရ ဖြစ်နေစဉ်မှာပဲ နောက်ဖေး မီးဖိုချောင်က "ဂျလောက်" ဆိုတဲ့ မြည်သံက သူ့ကို ခံစားမှုတွေ တပြိုင်တည်း ဖန်တီးပေးခဲ့သည်။ စိုးရိမ်ခြင်း၊ ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း တွေနဲ့အတူ စားပွဲပေါ်က အပြေးဆင်းပြီး မီးဖိုချောင်ထဲကို ဦးတည်ခဲ့သည်။ တံခါးဝအရောက် ကံဆိုးချင်တော့ အဲ့ဒီ "ဂျလောက်" ဆိုတဲ့ အသံကြောင့် လူတစ်ဦး အိပ်ရာမှ နိုးလာပြီး နောက်ဖေး မီးဖိုချောင်ထဲ ၀င်လာတာကြောင့် ဘေးက ချောင်ကျကျ တစ်နေရာမှာ ၀င်ပုန်းနေလိုက်ရသည်။ ဒီအချိန်မှာ သူက ဘာလုပ်နိုင်မှာမို့လဲ။ အချိန်က သိပ်တောင် မကြာလိုက်ပါဘူး။ ၀င်သွားသည့်လူက ပြန်ထွက်လာပြီး နောက်ဖေး မီးဖိုချောင်တံခါးကိုပါ ဂျိမ်းကနဲ မြည်အောင် ပိတ်လိုက်ပါတော့သည်။
ဘယ်လိုမှ ၀င်လိုမရတော့သည့် တံခါးအနားမှာ ရစ်သီရစ်သီနှင့် နည်းလမ်းရှာရင်း သူ မျက်ရည်တွေ ၀ဲလာမိသည်။ သူ့ ရင်ခုန်နှုန်းတွေ မြန်သည်ထက် မြန်လာတာကိုလည်း သူ သတိထားမိသည်။ သူ့မှာ အထဲကို ရောက်ဖို့ နည်းလမ်း မရှိဘူး ဆိုတာကိုလည်း သူနားလည်နေခဲ့သည်။ ဒီလိုနဲ့ အချိန်တွေက တရွေ့ ရွေ့ ကုန်ဆုံးနေလိုက်တာ နောက်ဆုံး မိုးစင်စင် လင်းခါနီးမှ သူ့သား၊ သမီးတို့ ရှိရာ အိမ်ကို ဦးတည်ပြန်ခဲ့ရရှာသည်။ ထိုအချိန်မှာတော့ ဆာလောင်ခြင်းလည်း မရှိတော့။ အိပ်စက်နေတဲ့ သားနဲ့ သမီးကို ကြည့်ပြီး သူ ဆုတောင်း လိုက်မိသေးသည်။ "ဘာမှ မဖြစ်ဘဲ ပြန်ရောက်လာပါစေ" လို့…။
နောက်တစ်နေ့ လူပြတ်ချိန်မှာ နောက်ဖေး မီးဖိုခန်းထဲကို မရရအောင် သူအရဲစွန့်ပြီး သွားခဲ့သေးသည်။ သူ့မိန်းမ မပြောနှင့် ဘာအစအနမှာ သူရှာမတွေ့ခဲ့။ သူ ရင်ကွဲခဲ့ရပြီ၊ သူ ကြေကွဲခဲ့ရပြီ၊ သူ တစ်စုံတစ်ခုကိုလည်း ပြည့်ပြည့်၀၀ နားလည်နိုင်ခဲ့သည်။ လူတွေ ထောင်ထားတဲ့ ထောင်ချောက်တစ်ခုထဲ တည့်တည့်မတ်မတ် တိုးဝင်ခဲ့ရှာတဲ့ သူ့မိန်းမ နောက်ဆုံး ပြောသွားတဲ့ စကား သူ့နားထဲမှာ ပြန်ပြန်ကြားယောင် နေမိသည်။
အခုထိတိုင်လည်း သူ ထိုစကားကိုသာလျှင် ကြားယောင်နေမိဆဲ… "ကလေးတွေ ဗိုက်ဆာနေပြီ"တဲ့





0 comments:
Post a Comment