မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Saturday, January 15, 2011

နို့နှစ်လုံးဖိုးလုံးကျေပါတယ်

အရှင်ဘုရား…….

မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲကျေအောင်ဆပ်နိုင်ခဲ့တယ်ဆို တာမှန်ပါသလားဘုရား။

မောင်မိုးကျော်သူ၊ရန်ကုန်မြို့။

ဒကာမိုးကျော်သူရေ………

ဦးဇင်းတို့လုဝတ်ကြောင်ဘဝ ငယ်ငယ်တုန်းက တက္ကသိုလ်အေးမောင်ရဲ့ ဘယ်ပန်းချီရေးလို့မမီ သီချင်းကို အရုအမူး
စွဲလမ်းခဲ့ဖူးပါတယ်။

အဲဒီသီချင်းများ ရေဒီယိုက မလာလိုက်နဲ့၊ အသက်ရူဖို့မေ့သွားမတတ် ရှိရှိသမျှ သမာဓိတွေကို သီချင်းဆီ စုပြုံ
နှစ်နှစ်ချြိက်ချြိက် နားထောင်တော့တာပါပဲ။ ငယ်ဘဝရဲ့ တသသသီချင်းတွေထဲမှာ အဲဒီသီချင်းလည်း
ထိပ်ဆုံးက ပါတာပေါ့။ မိဘမေတ္တာနဲ့ပတ်သတ် ရင် ကလေးတိုင်း ကြိုက်ကြတာပဲ မဟုတ်လား။

မိဘမေတ္တာကို ဖွဲ့ဆိုတဲ သီချင်းတွေ၊ဇာတ်လမ်းတွေဟာ သားသမီးတွေကို မိဘ

မေတ္တာနားလည်စိတ်၊မိဘကျေးဇူးဆပ်လိုစိတ်ထက်သန်လာအောင် လှုံဆော်တဲ့နေရာမှာ စာပေထက်တောင်ပိုပြီးထိရောက်ပါတယ် အနုပညာရသ ပါတဲ့အတွက်
သားသမီးတွေရဲ့ရင်ထဲ ကို စွဲစွဲနစ်နစ် ဝင်ရောက်သွားလို့ပါ။အဲဒီအတွက်သက်ဆိုင်ရာ
အနုပညာရှင်များကို အထူးကျေး ဇူးတင်မိပါတယ်။

ဒါပေမယ့် ကိုယ်ဖန်တီးလိုက်တဲ့ မိဘမေတ္တာဖွဲ့ အနုပညာ ပညာပစ္စည်းထဲမှာ မှား ယွင်းတဲ့အချက်အလက်တွေ၊ လွဲချော်တဲ့
အတွေးအခေါ်တွေပါနေရင်တော့ အဲဒီအချက်အ လက် အဲဒီအတွေးအခေါ်ကို
အမှန်လို့သတ်မှတ်သွားသူတွေရဲ့ အသိမှား အမှတ်မှားမူဟာ ကိုပေးလိုက်တဲ့အကုသိုလ်အစိုင်အခဲကြီးဖြစ်နေတာမို့
ကိုယ်လည်းအကုသိုလ်ရှယ်ယာ ဝေစုခွဲ ပြီးသား ဖြစ်သွားပါတယ်။

မိဘမေတ္တာအကြောင်း ရေးကြ ဖွဲ့ကြပြီဆိုရင် ဗုဒ္ဓစာပေ(ပိဋ္ဋကတ်တော်) ထဲက အဆုံးအမတွေ၊ အချက်အလက်တွေကို အများဆုံး ကိုးကားကြတာ
တွေ့ရပါတယ်။

ဗုဒ္ဓစာပေနဲ့ မိဘမေတ္တာ၊ မိဘမေတ္တာ နဲ့ဗုဒ္ဓစာပေ ခွဲခြားလို့တောင် မရပါဘူး။ မိဘကျေးဇူး သိရ

မယ် မိဘကျေးဇူးဆပ်ရမယ် လို့ပြောလိုက်ရင်ကိုပဲ ဒါ ဘာသာရေးအဆုံးအမ ဒါဗုဒ္ဓလမ်းညွှန် ချက် လို့တောင်
သတ်မှတ်နားလည်လိုက်ကြတဲ့အထိအပါပဲ။

ဗုဒ္ဓစာပေကို မှီငြမ်းတဲ့ မိဘမေတ္တာဖွဲ့တွေမှာ မြတ်စွာဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ
ကျေအောင်ဆပ်နိုင်ခဲ့တယ် ဆိုတဲ့အချက်ကို တွေရတော့ သိပ်အံသြမိတယ်။

ပိဋကတ်တော်မှာမပါတဲ့ အကြောင်းရာတစ်ခုကို ပါသလိုလို ရေးသားပြောဆိုတာဟာအရမ်းအရမ်းကို အပြစ်ကြီးပါတယ်။ နို့တစ်လုံးဖိုးပဲကျေတယ်
ဆိုတဲ့ အချက်ကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း ဟောကြားတော်မမူခဲ့သလို
အဠကထာဆ ရာ၊ဋီကာဆရာတွေကလည်းဖွင်ဆိုတော်မမူခဲ့ကြပါဘူး။

သားသမီးတွေအပေါ်မှာ မိခင်ကျေးဇူး ကြီးမားတာ မှန်ပါတယ်။ ဒါပေမယ့်မိခင်ကို အမွှန်းတင်လွန်းတာနဲ့ မြတ်စွာဘုရားရှင်ကို
ပုတ်ခတ်စော်ကားသလို ဖြစ်သွားတာကတော့ လုံးဝ မသင့်တော်ပါဘူး။ ဘုရားရှင်တောင်မှ
မိခင်ကျေးဇူး နို့တစ်လုံးဖိုးပဲ ကျေ့တယ် လို့ ပြောတဲ့ သူဟာဘုရားကိုလည်း စော်ကားရာ
ရောက်သလို တရားကိုလည်းဖျက်ဆီးရာရောက်ပါ တယ်။ သာသနာဖျက်တဲ့သူ လို့တောင်
ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အထိ အကုသိုလ်ကြီး ပါတယ်။

မြတ်စွားဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင်ဆပ်နိုင်ခဲ့ပါတယ်၊ုမြတ်စွာဘုရားရှင်မှာ မိခင်အပေါ်
နို့ဖိုးအကြွေး လုံးဝ မကျန်တော့ပါဘူး ဆိုတဲ့ မိန့်ဆိုရေးသားချက်
ပိဋကတ်တော်(ထေရဝါဒစစ်စစ် ဗုဒ္ဓစာပေ) မှာ အခိုင်အမာ အထင်အရှားရှိပါတယ်။

ပါဠိတော်မူရင်းကတော့ ဗန္ဓနာရက္ခနေ မယှံ၊ အနဏော တွံ အဟာမုနေ ပါ။(စာမျက်နှာအညွန်းနဲ ပါဠိအနက်ကို ဆောင်းပါးအဆုံးမှာ
ဖော်ပြပေးထားပါတယ်)။

မိထွေးတော်ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်ဝင်စံခါနီး(သေလွန်ခါနီး) မှာ မြတ်စွာဘုရား ရှင်ကိုစကားတော်များများ
လျှောက်ထားသွားခဲ့ပါတယ်။ အဲဒီလျှောက်ထားချက်များထဲက တစ်ခုကတော့ မြတ်စွာဘုရားရှင်ရဲ့
နို့ဖိုးကြွေး နဲ့ ပတ်သက်နေပါတယ်။ လျှောက်ထားပုံက ဒီလိုပါ။

မြတ်စွာဘုရား………၊အရှင်ဘုရားကို တပည့်တော်က လောကနို့ရည် တိုက်ကျွေးပြီး အရှင်ဘုရားရဲ့ ရူပကာယ (ရုပ်ကိုယ်ထည်)
ကြီးထွားလာအောင် မွေးမြူခဲ့ရတဲအတွက် တပည့် တော်ဟာ အရှင်ဘုရားရဲ့
မယ်တော်ကြီး(မိခင်) ဖြစ်ပါတယ်။

တပည့်တော်ကို အရှင်ဘုရားက ဓမ္မနို့ရည်တိုက်ကျွေးပြီး တပည့်တော်ရဲ့ ဓမ္မကာယ (ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့
အတွက်အရှင်ဘုရားဟာ တပည့်တော်ရဲ့ ခမည်းတော်ကြီး(ဖခင်)ဖြစ်ပါတယ်…)

တပည့်တော် တိုက်ကျွေးခဲ့တဲ့ လောကနို့ရည်က ဆာလောင်မွတ်သိပ်ခြင်းကို တဒင်္ဂ တစ်ခဏပဲ ငြိမ်းအေးပြေပျောက်စေနိုင်ပါတယ်။
အရှင်ဘုရားတိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်ကတော့ ဆာလောင်မွတ်သိပ်ခြင်းကို
အမြဲထာဝရငြိမ်းအေးပြေပျောက်စေနိင်ပါတယ်

မြတ်စွာဘုရား…. အရှင်ဘုရားဟာ တပည့်တော်ကို ကိလေသာ အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်အောင်စောင့်ရှောက်ကယ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့်
တပည့်တော်အပေါ်မှာ အရှင်ဘုရားနို့ဖိုးကြွေးလုံးဝ မကျန်တော့ပါ။မယ်တော့်ကျေးဇူးကို
နို့နှစ်လုံးဖိုးလုံးကျေအောင် ဆပ်နိုင်ခဲ့ပြီးပါပြီဘုရား…။

မိထွေးတော်ဂေါ်တမီ ထေရီမကြီးရဲ့ နို့ဖိုးကြွေးရှင်းတမ်း လျှောက်ထားချက်ကို မြတ်စွာဘုရားက ငြင်းဆန်ခြင်း
လုံးဝမပြုဘဲ လက်ခံတော်မူခဲ့တဲ့အတွက် အဲဒီ လျှောက်ထားချက်သည်ပင်လျှင်
မြတ်စွာဘုရားရှင်ရဲ့ မိန့် ကြားတော်မူချက်ပါပဲ။

တကယ်လို့သာ နို့ဖိုးကြွေးမကျေူဘူးဆိုရင် ဟဲ့ ……ဂေါတမီ သင်လျှောက်ထားတာမှားနေ တယ် မိခင်ကျေးဇူးကိုငါဘုရား နို့နှစ်လုံးဖိုးကျေအောင် မဆပ်နိုင်ဘူးကွဲ့…..့
နို့တစ်လုံးဖိုးပဲကျေအောင်ဆပ်နိုင်တယ် လို့ မြတ်စွာဘုရားရှင်က
စကားပြင်ပြောမှာပေါ့။အခု တော့ အဲဒီလို စကားပြင်ပြောခဲ့တာမှ မဟုတ်ပဲ၊
ဆိတ်ဆိတ်နေပြီး လက်ခံတော်မူခဲ့တာပါ။

ဆာလောင်မွတ်သိပ်ခြင်းဆိုတာ တဏှာ ပါ။ လောကနို့ရည် က နို့ဆာတဲ့ တဏှာ ကိုပဲ ပယ်ဖျောက်ပေးနိုင်ပါတယ် ။(ဒါတောင်မှ တဒင်္ဂပါ။
အချိန်တန်တော့ပြန်ဆာလာတာပါပဲ)

တခြားဆာတဲ့တဏှာတွေကိုတော့ ပယ်ဖျောက်မပေးနိုင်ပါဘူး။နို့စို့အရွယ်မှာတောင် ဟိုလူ့မြင် ချင်ဒီလူ့မြင်ချင်
ဟိုဟာစားချင် ဒီဟာသောက်ချင်နဲ့ ဆာလောင်မွတ်သိပ်မူမျိုးစုံ (လိုချင် နှစ်သက်
တပ်မက်သာယာမူမျိုးစုံ)တိုးပွားနေပါတယ်။

နို့ပြတ်သွားပြီဆိုတာနဲ့ တစ်ရက်ထက်တစ်ရက်တစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ် ဆာလောင်မူတဏှာတွေတိုးတိုးလာပါတယ်။
အဲဒီလို တိုးလာအောင် လည်းမိခင်ကိုယ်တိုင်ကပဲ သင်ပေးတာပါ။ သားသားဒီမုန့်လေးက
ကောင်းတယ်နော်၊ ဆိုတာမျိုးတွေက အစပြုလို့ပေါ့။

အသက်ကြီးလေ အဆာတိုးလေနဲ့ တဏှာ ကြီးကြီးလားလိုက်တာ နွားကြီးလာလေ ချိုရှည်လေ ဖြစ်တော့တာပါပဲ။ အဆင်း အသံ အနံ့ အရသာ
အထိအတွေ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကိုဆာလောင်မွတ်သိပ်တဲ့တဏှာကို လောကနို့ရည်
လိုခေါ်တဲ့ မိခင်နို့ရည်က ဘယ်လိုနည်းနဲ့မှ ပယ်ဖျောက်မပေးနိုင်ပါဘူး။(မိခင်ကျေးဇူးရူထောင့်နှင့်
ရောထွေးမပစ်ပါနှင့်)။

သစ္စာလေးပါး မြတ်တရားဆိုတဲ့ဓမ္မနို့ရည်က တော့ ဆာလောင်မွတ်သိပ်မှူတဏှာ အားလုံးကို အကြွင်းမဲ့ပယ်ဖျောက်ပေးနိုင်ပါတယ်။ သစ္စာလေးပါးကို
အရဟတ္တ မဂ် နဲ့ ထိုးထွင်းသိမြင်ပြီးလို့ရဟန္တာဖြစ်သွားပြီဆိုရင်ဘယ်အရာကိုမှ
ဆာလောင်မွတ်သိပ်မူ မရှိတော့ပါဘူး။ အာရုံအားလုံး ဘဝအားလုံး ဘာကိုမှ သာယာနှစ်သက် တပ်မက်
တွယ်တာမူ မရှိတော့ တဲ့အတွက် တဏှာအဆာဓာတ်အားလုံးအပြီတိုင် ချုပ်ငြိမ်းပြေပျောက်သွားပါပြီ။

ရဟန္တာအဆင့်ထိ မရောက်တောင်မှ သစ္စာတရားကို သူ့အဆငိ့နဲ့သူ သိတဲ့သူဟာ သူအတိုင်းအတာနဲသူတော့ တဏှာဓာတ် လျော့ပါးသက်သာပါတယ်။

ပုထုဇဉ်အဆင့်ကို ကျော်လွန်ပြီး အောက်ထစ်ဆုံး သောတာပန်အရိယာအဆင့်ကို ရောက်သွားတယ်ဆိုရင်ပဲ
သိပ်မကြာလှတော့တဲ တစ်ချိန်မှာ ရဟန္တာဖြစ်ဖို့ သေချာသွားပြီ
ဖြစ်တဲအတွက်မိခငိကိုသောတာပန်ဖြစ်အောင်ဓမ္မနို့ရည် တိုက်ကျွေးပေးတဲ့ သူတော်ကောင်းပုဂ္ဂိုလ်ဟာမိခင်ကျေးဇူးကို
နို့နှစ်လုံးဖိုးလုံးကျေအောင် ဆပ်ပြီးသားဖြစ်တော့ တာပါပဲ။

မြတ်စွာဘုရားရှင်ဟာ မိခင်နို့ ခုနှစ်ရက်သာ တိုက်ကျွေးခဲတဲ့ မယ်တော်ရင်းမဟာမာယာဒေဝီ ကနေဘဝပြောင်းသွားတဲ့
သန္တုဿိတနတ်သားကို ဝါတွင်းသုံးလပတ်လုံးအဘိဓမ္မာတရား(သုတ္တန်ကြားညှပ်)
ဟောကြားပေးခြင်းအားဖြင့် သောတာပန်ဖြစ်သွားအောင်
ဓမ္မနို့ရည်တိုက်ကျွေးခဲ့ပါတယ်။မယ်တော်နတ်ရွာစံပြီးတဲ့နောက် နို့ မပြတ်မချင်း မိမိရဲ့နို့ကို
တိုက်ကျွေးခဲ့တဲ့ မိထွေးတော်မဟာပဇာပတိ ဂေါတမီထေရီမကြီးကိုတော့ ရဟန္တာဖြစ်တဲ့အထိ
ဓမ္မနို့ရည် တိုက်ကျွေးခဲ့ပါတယ်။

မယ်တော်အရင်းအနေနဲ့သောတာပန်သာဖြစ်သေးတဲ့အတွက် တဏှာအဆာဓာတ်တွေ လုံးဝ မပြေပျောက်သေးပေမယ့် သိပ်မကြာလှတော့တဲ့တစ်ချိန်မှာတော့
တဏှာအဆာဓာတ် လုံးဝပြေပျောက်တဲ့ ရဟန္တာဖြစ်ဖို့သေခြာသွားပါပြီ
။အဲဒီအတွက်မြတ်စွာဘုရားရှင်မှာ နိုတစ်စက်ဖိုးမှ
အကြွေးမကျန်တော့ပါဘူးနို့ဖိုးအကြွေးအားလုံးကျေသွားပါပြီ။နို့နှစ်လုံးဖိုး
လုံးကျေးဇူးဆပ်ပြီးပါပြီ။

နှစ်နဲ့ချီပြီးနို့စို့ခဲ့ရတဲ့ မိထွေးတော်ဂေါတမီအပေါ်မှာတောင် နို့ ဖိုးကြွေးမကျန်တော့ဘူးဆိုမှတော့
ခုနှစ်ရက်ပဲနို့စို့ခဲ့ရတဲ့ မယ်တော်မာယာ အပေါ်မှာ နို့ဖိုးကြွေးတစ်စပ်ဖိုးမှမကျန်တော့ဘူး
ဆိုတာ ယုံမှားသံသယဖြစ်စရာမရှိပါဘူး။

နို့နှစ်လုံးဖိုးကျေပါတယ်။

မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နိုတစ်လုံးဖိုးပဲကျေအောင်ဆပ်နိုင်ခဲ့ပါတယ် ဆိုတဲ့စ ကားဟားတက်တက်
စင်အောင်လွဲမှားးတဲ လုပ်ကြံစကားသာဖြစ်ပါတယ် ဘယ်ပိဋကတ်တော် ဘယ်ဗုဒ္ဓစာပေမှာမှ
မပါပါဘူး။

ပိဋကတ်ကျွမ်းကျင်တဲ့ ဘယ်ဆရာတော်ကိုမဆို မေးမြန်းကြည့်နိုင်ပါတယ်။ဝိဇ္ဇာလိုလို၊ဘိုး တော်လိုလို ဖိုသီဖတ်သီ
ဘုန်းကြီးတွေကိုတော့ သွားမမေးနဲ့ပေါ့။ သူတို့ကတော့ တစ်ဆင့်ကြား အစဉ်အလာစကားကိုပဲ
အမှန်လို့သတ်မှတ်ပြီး ဟုတ်တယ်လို့ခေါင်းညိတ်ကြမှာလေ။ပိဋကတ် ဆိုတဲ့နေရာမှာလည်း
ထေရဝါဒစစ်စစ် ပိဋကတ်တွေကိုသာဆိုလိုပါတယ်။

နို့ တစ်လုံးဖိုးပဲကျေတယ်ဆိုတာတို့ သားရွှေအိုးထမ်းလာတာမြင်ချင်တယ်ဆိုတာတို့
အဲဒီလိုစသည်ပိဋကတ်တော်မှာမပါတဲ့ အချက်အလက် အလွဲအမှား တွေ လူထုကြားထဲ
စိမ့်ဝင်ပျုံ့နှံ့နေတာရဲ့ အဓိကတရားခံက ဇာတ်သမားတွေနဲ့ ကွက်စိပ်ဆရာတွေပဲ လို့ ရှေး
ဆရာ တော်ကြီးတွေက မိန့်ဆိုတော်မူခဲ့ကြပါတယ်။

ကိုယ်ဖန်တီးတဲ့ အနုပညာကို ပရိသတ် စိတ်ဝင်စားအောင် သိုင်းဝိုင်းချဲ့ထွင် မွမ်းမံဖွဲ့နွဲ့ရင်းနဲ့
လက်လွန်နုတ်လွန်ဖြစ်ပြီး ပိဋကတ်တော်လာ အမှန်တရားတွေကိုတမင်မရည်ရွယ်ပေမယ့်
ဖျက်ဆီးလိုက်သလို ဖြစ်သွားပါတယ်။ ဇာတ်သမားသေရင်ပဟာသငရဲရောက်တယ် ဆိုတဲ့
ဗုဒ္ဓစကားတော်ရဲ့အကြောင်းပြချက်တွေထဲမှာ ဇာတ်စာရေးသူတွေရဲ့ အချက်အလက်
လွဲမှားအောင်ဖန်တီးမူလည်းတစ်ခု အပါအဝင်ဖြစ်မှာ သေချာပါတယ်။(ဇာတ်ဆရာ အားလုံးကို
မဆိုလိုပါ)။

ပိဋကတ်တော်ကိုဇာတ်ဆရာ ကွက်စိပ်ဆရာတွေဖြတ်တယ် ဆိုတဲ့စကား မှန်မမှန်သိချင်တာနဲ့ ဟိုတစ်လောက
ရေဒီယိုကလွှင့်တဲ့ ရွှေမန်းရဲ့ ဗုဒ္ဓဝင်လေးတော်တင်ခန်း ကို တစ်ဝက်တစ်ပျတ်ကနေ ခဏဖွင့်
နားထောင်ကြည့်လိုက်တော့..လား….လား မယ်တော်မာ ယာကနေဘဝပြောင်းသွားတဲ့ နတ်ကို
မင်းသမီးတစ်ဦးက မယ်မယ်ဖုရား မယ်မယ်ဖုရား
ချင်း မိုးမွှန်ပြီး နတ်သမီးတစ်ပါးအဖြစ်နဲ့တင်ဆက်သွားတာကို
ကြားလိုက်ရပါရောလား။

တကယ်ဆို ဗုဒ္ဓဘာသာဝင်တိုင်းသိတဲ့ မယ်တော်မိနတ်သား ဆိုတဲ့ စကားစုလေးကို ကြည့်လိုက်ရင်ကိုပဲ
မယ်တော်မာယာဟာနတ်သမီးဖြစ်သွားတာမဟုတ်ဘူး နတ်သားဖြစ်သွား တာဆိုတာ အလွယ်တကူ
သိနိုင်ပါတယ်။

ဇာတ်သမားတွေရဲ့လက်ချက်ကြောင့် ဖုန်းကညာတစ်ပါး လုံးရာကပြားသွားရပါပေါ့လား သန္တုဿိတ နတ်သားကြီးရေ….။


အညွှန်း။- ထေရီအပဒါနပါဠိတော် ၊စာမျက်နှာ ၂၀၉။

ဂါထာ ၁၃၃။

-ပါဠိအနက်။ မဟာမုနေ -မြတ်စွာဘုရား၊တွံ

- ရှင်တော်မြတ်ဘုရားသည်၊မယှံ - ဘုရားတပည့်တော်အား၊ဗန္ဓနာရက္ခ -ကိလေသာ အနှေင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ခြင်းကြောင့်၊မယှံ -ဘုရားတပည့် တော်၏အပေါ်၌ အနဏော -နို့ဖိုးကြွေးကင်းသူသည်၊ ဝါ - နို့နှစ်လုံးဖိုးလုံးကျေအောင်
မိခင်ကျေးဇူးဆပ်ပြီးသားသူသည် ၊ အသိ
-ဖြစ်တော်မူပါပေ၏။

(ဆရာတော်အရှင်ဆန္ဒာဓိက) ။

0 comments:

Post a Comment