မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Thursday, January 27, 2011

“ငါတို့ညီအစ်ကိုတွေ ဟိုရောက်ဒီရောက်”

ငါတို့ အခု စိတ်ရှိလက်ရှိရေးနေကြတာဘာလဲ
စိတ္တဇလား ဂေါ်လီလား
ငါ့တို့မျက်လုံးရဲ့ ဟိုတစ်ဖက် တိုက်အမြင့်ကြီးပေါ်မှာ
သေကြောင်းကြံခုန်ချတော့မယ့် ငါတို့ရှိတယ်
ဒီမှာ … အလန်းဇယားနဲ့ အရင်ခေတ်ပြန်ရောက်သွားသလို ဘဲလ်ဘောင်းဘီနဲ့
လက်ချင်းချိတ်သွားတဲ့ နေရာ
အဲဒီနေရာမှာပဲ ငါတို့ပင့်ကူအိမ်ကို ငါတို့ပြန်ယက်နေခဲ့တာ
ငါတို့အကုန်လုံးဟာ ဆေးကြောသုတ်သင်မှုမရှိတာကြာပြီဖြစ်တဲ့ တံမြက်စည်းတွေပဲ
ငါတို့ဟာ ကိုယ့်ကိုယ်ကို ဘယ်တော့မှပြန်ထည့်မစားတတ်တဲ့ ပန်းကန်ပြားတွေပဲ
ပြောရရင် ငါတို့ဟာ ဘယ်လိုနေနေ တည့်မတ်မလာတော့မယ့် မျှော်စင်တွေပဲ
ငါတို့ညီအစ်ကိုတွေ ဘယ်တော့မှမတည့်ခဲ့ကြ၊ ဘယ်တော့မှလည်း မမုန်းခဲ့ကြ
ငါတို့ဟာ စိတ္တဇလား ဂေါ်လီလား ဂျစ်ပစီလား လူကြီးမင်းလား
ကောင်မလေးတစ်ယောက်တည်းကို ငါတို့အကုန်လုံးဝိုင်းကြိုက်ခဲ့ဖူး
အဆုံးအဖြတ်ဖဲတစ်ချပ်ကို မျက်လုံးတွေအများကြီးနဲ့ စိတ်ပျက်လက်ပျက် ပွတ်တိုက်ကြည့်ခဲ့ဖူး
လမ်းပေါ်မှာ ငါတို့ရဲ့ ဟီးဟီးဟားဟား တစ်လမ်းသွားအသံနဲ့
ငါတို့ရဲ့ ဟိုရောက်ဒီရောက် ခြေလှမ်းများ
ငါတို့ .. ငါတို့ဆိုလို့ ငါတို့ကို တရားမရှိဘူး ထင်ကြဦးမယ်
ဘာဖြစ်ပါသလဲ … ခေတ်ကိုက
ဟိုဆရာတော်မှ ဒီဆရာတော်မှဆိုပြီး တရားမရွေးပဲ ဆရာတော်ကိုရွေးကြတဲ့ခေတ်
ဒီတော့ ဘာဖြစ်ပါသလဲ
ငါတို့ညီအစ်ကိုတွေ နက်သထက်နက်လာတဲ့ မိုက်တွင်းထဲ တစ်ယောက်ပြီးတစ်ယောက်ခုန်ချ
ဒီလိုနဲ့ … လူလိမ္မာ ပညာရှိများရဲ့ အဝေးကိုရောက်
ဘီယာစတေရှင်ကိုရောက်၊ ကာရာအိုကေကိုရောက်၊ Foot Massage ကိုရောက်၊
အခုတစ်မျိုးတော်ကြာတစ်မျိုးလေးတွေရဲ့အနားကိုရောက်
ငါတို့ ညီအစ်ကိုတွေ ဟိုရောက်ဒီရောက် ။

0 comments:

Post a Comment